Thursday, May 25, 2017

☕☕ရေနွေး ညသိပ် အဆိပ်ထက်ပြင်း☕☕


စာရေးသူထံသို့ နယ်မြို့မှ စာဖတ် ပရိသတ်တစ်ဦးက သူ့ကျန်းမာရေးနှင့်ပတ်သက်ပြီး မေးမြန်းချက်တစ်ခုကို ပြန်လည် ဖြေကြားပေးရာမှ  သတင်းစာဖတ်ရှုသူ များပါ  သိသင့်သိထိုက်သော အကြောင်းအရာ ဖြစ်သဖြင့် ဆောင်းပါးအဖြစ် ရေးသား တင်ပြ လိုက်ရပါသည်။

''ဆရာခင်ဗျား။ လွန်ခဲ့သောရက်ပိုင်းက ကျွန်တော်၏ မိတ်ဆွေတစ်ဦး အိမ်သို့ စာပေဟောပြောပွဲ ကိစ္စ တိုင်ပင် ဆွေးနွေးရန်သွားပါတယ်။ ထုံးစံအတိုင်း ဧည့်သည်လာ လျှင် အိမ်ရှင်က စားသောက်စရာတစ်ခုခုဖြင့် ဧည့်ခံ ပါတယ်။ အိမ်ရှင်၏သမီးငယ်က ကော်ဖီမစ်ဖျော်တိုက် တယ်။ ဖြစ်ပုံမှာ ကော်ဖီမစ်ဖျော်သောအခါ ဓာတ်ဘူး ထဲမှရေနွေးမှာ လွန်ခဲ့သောညက ထည့်ထားသော ရေနွေးဖြစ်သဖြင့် သိပ်မပူတော့ပါ။ ကော်ဖီမစ်မပျော်ပါ။ ထို့ကြောင့် ဖျော်ပြီးကော်ဖီကို မတ်ခွက်တွင် ထည့်ပြီး လျှပ်စစ်မီးဖိုဖြင့် ပြန်အပူပေးသည်။ ကော်ဖီတစ်ဝက်ခန့် ခန်းသွားသည်။ ထိုကော်ဖီမစ်သောက်လာပြီး အိမ် ပြန်ရောက်ပြီး ညတစ်နာရီခန့်မှာ  ထပြီးအန်ပါတယ်။ စားထားသမျှအစာမှန်သမျှ  အကုန်အန်သွားတယ်။

တော်တော်လေးအန်ပြီး မောသွားမှ ညအိပ်ပျော်သွား ပါတယ်။ မနက်ထတော့ နေကောင်းသော်လည်း အစာ စားချင်စိတ်မရှိ၊ နုံးနေပါတယ်။ ကော်ဖီမစ်ကြောင့် ဖြစ်တာလား။ ဓာတ်ဘူးထဲက ရေနွေးကို ပြန်နွှေးသောက် လို့ဖြစ်တာလား သိချင်ပါတယ်ဆရာ''လို့   စာရေးပြီး မေးမြန်းလာပါတယ်။

စာရေးသူဟာ သတင်းစာ၊ ဂျာနယ်များမှာ တိုင်းရင်း ဆေးပညာရှုထောင့်မှ ကျန်းမာရေးဆောင်းပါးများ ရေးသားခဲ့တာ ၁၉၉၂ ခုနှစ်မှ ယနေ့အထိ အနှစ် ၂ဝ ရှိခဲ့ ပါပြီ။ မှတ်မိသမျှ ကျန်းမာရေးဆောင်းပါးအပုဒ်ရေ ၁ဝဝ ခန့် ရေးသားခဲ့တယ်ထင်ပါတယ်။

တိုင်းရင်းဆေးပညာ သို့မဟုတ် ရိုးရာဆေးပညာ အယူအဆရှုထောင့်များမှာ အနောက်တိုင်းဆေးပညာနဲ့ ကွာခြားချက်များ ရှိပါတယ်။ တူညီတဲ့အချက်များရှိ သလို ကွဲလွဲတဲ့အချက်များလည်း ရှိပါတယ်။ အထူးသဖြင့် လေ(ဝါယော)နဲ့ ပတ်သက်တဲ့ အယူအဆတွေမှာ အနောက်တိုင်းဆေးပညာနဲ့ မမြင်နိုင်တဲ့ထူးခြားမှုတွေ အများကြီးရှိပါတယ်။

အနောက်တိုင်းဆေးပညာရဲ့ ခန္ဓာဗေဒ (Anatomy) ကို ယခုခေတ်မီတိုင်းရင်းဆေးပညာသင်တန်းတွေမှာ သင်ကြားရပါတယ်။ ရှေးတုန်းက မြန်မာဆေးဆရာ တွေမှာ ခန္ဓာဗေဒ မကျွမ်းကျင်လို့ အသည်းဘယ်နေရာမှာ ရှိမှန်းမသိ၊ အဆုတ်ဘယ်နေရာမှာ ရှိမှန်းမသိ၊ ပန်ကရိယဆိုတာ ဘာမှန်းမသိ၊ ကျောက်ကပ်နှစ်ခု ဘယ်နေရာမှာ ရှိမှန်းမသိ။ အူအတက်ဘယ်နေရာမှာ ရှိမှန်းမသိ ဖြစ်ခဲ့ကြပေမယ့် စနစ်တကျတိုင်းရင်းဆေး သိပ္ပံ၊ တက္ကသိုလ်တွေ ဖွင့်လှစ်သင်ကြားပေးတဲ့အခါမှာတော့ မသိတာမရှိတော့ပါဘူး။

ဒါပေမဲ့ တိုင်းရင်းဆေးပညာ ခန္ဓာဗေဒမှာ ပထဝီ၊ အာပေါ၊ တေဇော၊ ဝါယော၊ အာကာသခေါ်တဲ့ ပဉ္စ ဘုတ်နဲ့ ဖွဲ့စည်းထားတဲ့ကိုယ်ခန္ဓာ သုံးဆယ့်နှစ်ကောဋ္ဌာ သမှာ လှည့်လည်နေတဲ့ လေမျိုးရှစ်ဆယ်၊ ခန္ဓာကိုယ် အနှံ့အပြားမှာ သွားလာလှုပ်ရှား၊ တွန်းကန်၊ ထောက်ပံ့ နေတဲ့ လေအမျိုးမျိုးကို အနောက်တိုင်းဆေးပညာရှင် များ မြင်ရအောင် ဓာတ်မှန်ရိုက်မပြနိုင်ပါဘူး။

တိုင်းရင်းဆေးပညာဟာ အပင်၊ အသီး၊ အရွက်၊ အခေါက်တွေကို အမှုန့်ပြုပြီး ဆေးဖော်တဲ့ ပညာသက် သက် မဟုတ်ပါဘူး။ ဆေးတစ်ခွက်မှမပေးဘဲ အယူ အဆအမှား၊ အနေအထိုင် အစားအသောက်အမှား ကြောင့် ရောဂါမဖြစ်ရအောင် ညွှန်ပြကာကွယ်ပေးနိုင် တဲ့ပညာဖြစ်ပါတယ်။ ကာကွယ်ခြင်းဟာ ကုသခြင်းထက် ထိရောက်တယ်မဟုတ်ပါလား။

အထက်ပါစာရေးဆရာ၏မေးမြန်းချက်ကို တိုင်းရင်း ဆေးပညာရှုထောင့်မှ စာရေးသူ၏အမြင်ကို ရေးသား တင်ပြဖြေကြားလိုပါတယ်။ ဖြစ်စဉ်ကို လေ့လာကြည့်တဲ့အခါ- - မိတ်ဆွေအိမ်က ကော်ဖီမစ်နဲ့ ဧည့်ခံတယ်။ - ကော်ဖီမစ်ကို ဓာတ်ဘူးထဲက ရေနွေးနဲ့ဖျော်တယ်။ - ဓာတ်ဘူးထဲကရေနွေးက အေးနေလို့ ကော်ဖီမစ်မပျော်ဘူး။

- ကော်ဖီမစ်ဖျော်ထားတဲ့ ခွက်ကို  လျှပ်စစ်မီးဖိုနဲ့ ထပ်အပူပေးတယ်။

- အပူပေးလွန်ပြီး ကော်ဖီမစ်တစ်ဝက် ခန်းသွား တယ်။

-        ညနေခြောက်နာရီကသောက်ပြီး ပြန်လာခဲ့တယ်။ ည တစ်နာရီခွဲခန့်မှာ ထအန်တယ်။ ဗိုက်ထဲရှိသမျှ အစာ အကုန် အန်ထွက်သွားတယ်။

-  နောက်နေ့မှာ မိတ်ဆွေကို ပြောပြတော့ သောက်သွားတဲ့ ကော်ဖီမစ်ကြောင့်ဖြစ်တယ်ထင်တယ်လို့  ယူဆပါတယ်။ အဲဒီအထင် မှန်၊ မမှန်ထင်မြင်ချက် တောင်းတယ်လို့ ယူဆပါတယ်။

(၁)ကော်ဖီမစ်အကြောင်း ပြောလိုပါတယ်။ ကော်ဖီဆိုတာ အတော်အသင့် သောက်ရင် ကောင်းကျိုးတွေရှိလို့ တစ်ကမ္ဘာလုံးက လက်ခံထားပါတယ်။

ဒါပေမဲ့ ကော်ဖီမစ်ကတော့ တစ်ကမ္ဘာလုံး လက်ခံတဲ့ အနေအထားမှာ မရှိပါဘူး။ ဓာတုဗေဒပစ္စည်းတွေ ရောနှော ပါဝင်တာ သေချာပါတယ်။

ဒီနှစ် မတ်လထုတ် ဇီဝကကျန်းမာရေးမဂ္ဂဇင်းမှာကို ဆရာကြီး ဒေါက်တာခင်မောင်ဝင်း(အသည်းအထူးကု ဆရာဝန်ကြီး)က ဆွေးနွေးခန်းမှာ-

Chemical Dye လို့ ခေါ်တဲ့ ဓာတုေ ဗဒဆိုးဆေး တွေ အများကြီး သုံးနေကြတယ်။ ကော်ဖီမစ်တွေမှာ ကော်ဖီပါချင်မှ ပါမှာ။ ကျွန်တော့် တပည့်တွေဆိုရင် ကော်ဖီမစ်သောက်ပြီး ရင်တွေဘာတွေတုန်လို့၊ ကော်ဖီပါရင် ဘယ်လိုလုပ် မြန်မာငွေကျပ် ၅ဝ နဲ့ ရောင်းနိုင်မှာလဲ။ ကြိုက်တဲ့၊ လိုချင်တဲ့ အနံ့ကို လန်ဒန်မှာ ကုမ္ပဏီ တစ်ခုရှိတယ်။ ပို့လိုက်လို့ တစ်လကြာရင်  လိုချင်တဲ့ ပုံစံရလာတယ်။ အဲဒီတော့ အစားအစာတွေ၊ ဖျော်ရည်တွေ၊ လက်ဖက်တွေ အားလုံး ဆိုးဆေးတွေ ချည်းပဲဖြစ်လို့ အစားအသောက်သန့်ရှင်းမှု (Food Hygiene) နဲ့ ပတ်သက်လို့ ကျွန်တော်တို့တွေ  အများကြီးပြုပြင်ဖို့လို ပါသေးတယ်လို့ ပြောချင်ပါတယ်'' ဒါက ဆရာကြီး ဦးခင်မောင်ဝင်းရဲ့ ဟောပြောချက်ပါ။

(၂) ကျွန်တော့်ရဲ့တိုင်းရင်းဆေးပညာရှုထောင့်အမြင် ကတော့ ကော်ဖီမစ်ကိုဖျော်တဲ့ ရေနွေးအကြောင်း ပြော ချင်ပါတယ်။

ရေကို အနောက်တိုင်းကတော့ H2Oပဲ သိကြပါတယ်။ တိုင်းရင်းဆေးမှာတော့ ရေအမျိုးမျိုး ရှိပါတယ်။ ရေအေး၊ ရေနွေး၊ သောက်တော်ရေ၊ ပရိတ်ရေ၊ မိုးရေ၊ မိုးခါးရေ၊ မြစ်ရေ၊ ချောင်းရေ၊ တွင်းရေ၊ တောင်ကျရေ၊ ဖက်ဆွတ်ရေ၊ ကျောက်တွင်းရေ၊ အင်းအိုင်ရေ၊ ကန်ရေ၊ ကျုံးရေ၊ ရေထွက်ချောင်းရေ၊ စိမ့်စမ်းရေ၊ သဲတွင်းရေ၊ လယ်ကွက်ရေ၊ ကျောက်စက်ရေ၊ ရေနီ၊ ရေပြာ၊ ရေဝါ၊ ရေသေ၊ ရေရှင်စသည်ဖြင့် ရေအမျိုးမျိုး၊ ဂုဏ်သတ္တိအမျိုးမျိုးရှိပါတယ်။ ဒီရေတွေကြောင့် ကျန်းမာတာ၊ မကျန်းမာတာ တွေ ဖြစ်နိုင်ပါတယ်။ ရေကို မီးနဲ့အပူပေးလိုက်တဲ့အခါ ပွက်ပွက်ဆူသွား

ရင် ရေနွေးလို့ခေါ်ပါတယ်။ ဒီရေထဲမှာ ဥဏှတေဇော ဓာတ်ရှိနေတယ်။ ဒီဓာတ်က ဝမ်းမီးတောက်ပြီး အစာ ကြေစေတဲ့ဓာတ်ပါ။ အဲဒီရေနွေးက အအေးခံထားရင် ရေကျက်အေး ဖြစ်သွားပါတယ်။ ပိုးမွှားကင်းစင်ပြီး ဝမ်းကိုထိန်းပါ တယ်။ ဝမ်းပျက်၊ ဝမ်းလျှောခြင်းကို ကာကွယ်ပါတယ်။ ဒါပေမဲ့ ခေတ်ပေါ်ဓာတ်ဘူးမှာ ရေနွေးကို လှောင်ထားတဲ့အခါ အတွင်းကတေဇောဓာတ်ရှိနေသမျှ ရေနွေးဖြစ်နေပါတယ်။ ဓာတ်ဘူးထဲမှာ အချိန်ကြာတော့ တေဇောဓာတ် ပျက်သွား ပါတယ်။ ဒီရေနွေးအအေးကို မသောက်သင့်ပါဘူး။ လှောင်ပြီး ဓာတ်ပျက်သွားတဲ့ ရေနွေးပျက်ဖြစ်သွားတဲ့ အတွက် သောက်ရင် အစာအိမ်ကို  ဒုက္ခပေးပြီး    လေကိုအန်စေနိုင်ပါတယ်။  ဓာတ်ဘူးထဲမှာ အေးနေတဲ့ ရေနွေးပျက်ကို သောက်ရင် အန်တတ်ပါတယ်။ ပြန်နွှေးသောက်ရင် ပိုဆိုးပါတယ်။ ဓာတ်ပျက်ပြီးသားရေနွေးကို အပူပြန်ပေးရင် တေဇောလွန်၊ ဝါယော ပျက်ပြီး  သောက်သုံးသူကို    အဆိပ်ဖြစ်စေနိုင်ပါတယ်။

တချို့လူတွေ ဓာတ်ဘူးထဲမှာ လက်ဖက်ခြောက်ခတ် ထားပြီးသား ရေနွေးကို ညအိပ်ထားပြီးနောက် အမှတ်မထင် သောက်မိတတ်ပါတယ်။ ''ရေနွေးညသိပ်၊ အဆိပ် ထက်ပြင်း''လို့ သိမ်ဖြူဆရာတော်ကြီးက အာယုဗ္ဗေဒ သင်ခန်းစာမှာ ပြောဖူးပါတယ်။ အစာအိမ်ထဲမှာ အဆိပ် ဖြစ်ပြီး အော့အန်ခြင်းဖြစ်စေနိုင်ပါတယ်။ ရေနွေးကို ဓာတ်ဘူးနဲ့ ထည့်သောက်သူများ သတိထား စေချင်ပါတယ်။

တခြားသတိထားမိတဲ့ အချက်တစ်ခုကတော့ ဓာတ်ဘူး အတွင်းမှာ သုတ်လိမ်းထားတဲ့ပြဒါးတွေဟာ ကြာရင်ပျက်ပြီး ကွက်မည်း လာတာ တွေ့ရပါတယ်။ ကျွတ်ထွက် သွားတဲ့ ပြဒါးအမှုန့်အစတွေဟာ  ရေထဲမှာပါသွားပြီး သောက်သုံး သူရဲ့အစာအိမ်ထဲ ရောက်သွားရင် ပြဒါးဆိပ် သင့်နိုင်ပါတယ်။ ရေကျက်အေးနဲ့ ပတ်သက်လို့ ရှေးက ဆေးကျမ်းတွေမှာ အထောက်အထားနဲ့ ရှာကြည့်တဲ့ အခါ ယောအတွင်းဝန်ဦးဘိုးလှိုင်ရဲ့ နာမည်ကြီးထင်ရှားတဲ့ ဥတုဘောဇန သင်္ဂဟ ကျမ်းမှာ တွေ့ရတာက-

ရေကျက်အေး။  ။ဥတုအားလျော်စွာ ချက်အပ်ပြီးသော ရေနွေးကို အေးစေပြီးမှ သောက်အပ်သော အနာတို့ကား ကိုယ်ပူသောအနာ၊ ဝမ်းပျက်နာ၊ သည်းခြေနာ၊ သွေးနာ၊ မူးဝေသောအနာ၊ သေအရက်ယစ်ခြင်း၊ အဆိပ် သင့်ခြင်းတို့ကို လည်း ကောင်း၊ ဆီးချုပ်သောမုတ္တကိတ် နာ၊ ပဏ္ဍုနာ၊ ရေငတ်သောအနာ၊ အော့အန်သောအနာ၊ မောပန်းသောအနာ၊ သေအရက်တို့ကို သောက်အား ကြီးသောကြောင့် ဖြစ်သောအနာ၊ သိန္နိပါတ်အနာတို့ကို လည်းကောင်း ဤအနာတို့၌ ရေကျက်အေးသည်သင့်၏။

ချက်ပြီး၍ အလိုအလျောက် အေးသောရေကျက်အေး သည် ဒေါသသုံးပါးလုံးကို နိုင်၏။ အေး၏။ အဆီ သြဇာမရှိ။ သွေးလေအရသာကြောတို့ကို မလေးလံစေတတ်၊ နွမ်းနယ်ခြင်း၊ ရေငတ်ခြင်း၊ အဖျားတို့ကိုနိုင်၏။ ကြေလွယ်၏။ ပေါ့ ၏။ ရေကျက်အေးဟူသည် လည်း  နေ့၌ချက်သောရေကို နေ့၌သာ သောက်ကောင်းသည်။ ညဥ့်၌ချက်သောရေကို ညဥ့်၌သာ သောက်ကောင်း သည်။ နေ့၌ချက်သောရေကို ညဥ့်၊ ညဥ့်၌ချက်သောရေကို နေ့၊ ဤကဲ့သို့အေးအောင် ထား၍ သောက်လျှင် ထိုရေ၌ တေဇောဓာတ် ညံ့သောကြောင့် ကြေခဲ၏။ ဝမ်းမီးကို ချက်၍ ကျက်လျှင်ချဉ်၏။  ဝမ်းချုပ်၏။ ဒေါသသုံးပါး လုံးကို ပျက်စေတတ်၏။ ရောဂါခပ်သိမ်းတို့၌ပင် မသင့်။ ရေကျက်အေးကို  တစ်ဖန်ရေနွေးလုပ်၍ သောက်လျှင် မသင့်။ အဆိပ်နှင့်အတူဖြစ်၏။ ညဥ့်၌ကား ရေနွေး သောက်ခြင်း သည် များစွာ အကျိုးရှိ၏။

ညဥ့်၌သောက်ရန် ရေနွေးချက်ပုံကား ရေစိမ်းနံ့ပျောက်၍ ကျက်ရုံ၊ ထက်ဝက်ကြွင်း၊ လေးပုံတစ်ပုံကြွင်း၊ ရှစ်ပုံတစ်ပုံကြွင်းတို့တွင် တစ်မျိုးမျိုးချက်၍ သောက်ရာ ၏။ ညဥ့်ကို ရေနွေးချက်၍ သောက်ခြင်းသည် သလိပ်နာ၊ လေနာ၊ အစာမကြေသော အနာ၊ အဆီခဲသော အနာတို့ကိုနိုင်၏။  ဝမ်းမီးကို တောက်စေတတ်၏။ ဆီးကိုရွှင်စေတတ်၏။ ချောင်းဆိုးနာ၊ ပန်းနာ၊ အဖျား တို့ကိုနိုင်၏။  ရေစိမ်းကိုသောက်လျှင် တစ်ပဟိုရ်မှ ကြေ၏။ ရေကျက်အေးကိုသောက်လျှင် တစ်ပဟိုရ်၏  ထက်ဝက်မျှနှင့်ကြေ၏။ ကျက်ပြီးသော ရေနွေး ကိုသောက်လျှင် တစ်ပဟိုရ်၏လေးပုံတစ်ပုံမျှနှင့်ကြေ၏။

ထို့ပြင် ရေအမျိုးမျိုးတို့၏ အကျိုးအပြစ်ကိုလည်း ဖော်ပြထားရာတွင် အဆင်း၊ အနံ့၊ အရသာမထင်ရှားသော၊ အလွန်အေးသော၊ ကြည်လင်သော၊ ပေါ့သော ရေအေးသည်နှလုံးကို  နှစ်သက်စေတတ်၏။ ရေငတ်ခြင်းကို ပျောက်စေတတ်၏။ ဂုဏ်အပေါင်းနှင့်ပြည့်စုံ ၏။ ကျိုသော၊ ပျစ်ချွဲသောပိုးတို့ဖြင့် ပြွမ်းသောရွှံ့ညွန်၊ သစ်ရွက်၊ မှော်တို့ဖြင့်ပြည့်သော အနံ့မကောင်းသော ရေကို မသောက်အပ်၊ မိုးဦးကျအခါ၌ ရွာသောရေကို ချိုးမိလျှင် ရေငတ်သောအနာ၊ ဝမ်းရောင်နာ၊ မြင့်ရှည် စွာ ဖျားသောအနာ၊ ချောင်းဆိုးနာ၊ ဝမ်းမီးပျက်သောအနာ၊ အကြောတို့လေးလံခြင်း၊ အိုင်းအမာအစရှိသည်  တို့ဖြစ်တတ်ကုန်၏။ ဒါတွေဟာ ယောမြို့စားအတွင်းဝန် ဦးဘိုးလှိုင်ရဲ့နာမည်ကျော် ဥတုဘောဇန သင်္ဂဟကျမ်းမှာ ဖော်ပြထားတဲ့ရေနွေး၊ ရေကျက်အေး၊ ရေအေးတို့နဲ့ ပတ်သက်တဲ့ သိမှတ်ဖွယ်ရာဗဟုသုတတွေဖြစ်ပါတယ်။

နောက်ဆုံးတင်ပြလိုတာကတော့...

(၁) ရေနွေး ကျိုချက်တဲ့အခါမှာ ဆူပွက်ပြီး ကျက်အောင်ကျိုပါ။

(၂) ကော်ဖီဖျော်ရင် ခြောက်နာရီအတွင်း ကျိုချက် ထားတဲ့ရေနွေးနဲ့ဖျော်ပါ။

(၃) ဓာတ်ဘူးထဲက ရေနွေးနဲ့ဖျော်ရင် ခြောက်နာရီ ထက်ကျော်ပြီး ဓာတ်ဘူးထဲမှာ လှောင်ထားတဲ့ ရေနွေးကို မသုံးသင့်ပါ။

(၄) ဓာတ်ဘူးထဲမှာ အေးပြီးသားရေနွေးကို ဓာတ်ပျက်ရေနွေးဖြစ်လို့ပြန်နွှေးပြီး မသုံးပါနဲ့။ ပြန်ကျို ချက်ပြီးမသုံးပါနဲ့။

(၅) ညသိပ်ရေနွေး၊ ရေနွေးကြမ်းဟာ အဆိပ်ဖြစ်လို့ အစာအိမ်ကို ကမောက်ကမဖြစ်စေနိုင်ပါတယ်။

(၆) ရေနွေးသောက်ပြီး တစ်နာရီအတွင်းမှာ ရေအေး မသောက်ပါနဲ့။ ရေအေးသောက်ပြီး တစ်နာရီ အတွင်းမှာ ရေနွေးမသောက်ပါနဲ့။  အထက်ပါ အယူအဆတွေဟာ မလွဲနိုင်တဲ့ တိုင်းရင်းဆေးပညာ ဥပဒေသ  အယူအဆတွေဖြစ် ကြောင်း တင်ပြအပ်ပါတယ်။  ။

Credit :ကြည်လွင်မြင့်(မုဒြာ)

No comments:

Post a Comment