Saturday, May 27, 2017

ဘေးမဖြစ်စေရန် ရေနွေးကျိုချက်ခြင်းဥပဒေသ


ရေနွေးကို ကျွန်ုပ်တို့ နေ့စဉ်သောက်သုံးကြသည်။ရေကို မီးဖြင့်ကျိုချက်လျှင် ရေနွေးဟုခေါ်ကြသည်။ ထိုရေနွေးတွင်  လက်ဖက်ခြောက်ခပ်၍ သောက်လျှင် ရေ နွေးကြမ်း၊ အဖန်ရည်ဟုခေါ်ကြသည်။ ထိုရေနွေးဖြင့်ပင် လက်ဖက်ရည်၊ ကော်ဖီ စသည်ဖြင့်ဖျော်ရန်လည်း အသုံးပြုကြသည်။ ဟင်းသီးဟင်းရွက်များချက်ပြုတ်သောအခါ ရသောဟင်းရည်သည်လည်း ရေနွေးပင်ဖြစ်သည်။ ဆေးရွက်၊ ဆေးမြစ်များကိုပြုတ်၍ သောက်သောဆေးရည်သည်လည်း ရေနွေးပင်ဖြစ်သည်။ ရေနွေးကို အအေးခံပြီးသောက်သုံးလျှင် ရေကျက်အေးဟုခေါ်သည်။

စာရေးသူ၏လက်ဝယ်ရှိသော ရှေးဟောင်းဆေးကျမ်းတစ်ဆူဖြစ်သည့် 'စတုသာရသင်္ခေပဆေးကျမ်း'တွင် ရေနွေးအကြောင်းကို စုံလင်စွာဖော်ပြထားသည်။

(၁) ရေနွေးအကျိုးရှစ်ပါး
(၂) ရေချက်နည်းဥပဒေသ
(၃) အဆိပ်ဖြစ်သည့်ရေချက်ပုံ
(၄) ဥတုအားလျော်စွာရေချက်ပုံတို့ကို
 အတိအကျ ရေးသားဖော်ပြထားသည်။

ထိုကျမ်းမှ ပါဠိနှင့်အနက်ယှဉ်တွဲရေးထားသော လေးနက်သည့်စာကို ပေါ့ပါးစေရန်အတွက် ပါဠိများကိုဖယ်ပြီး ဖော်ပြလိုသည်။ အချို့နေရာများတွင် ပါဠိနှင့်အနက် ပူးတွဲဖော်ပြမှသာ လေးနက်မှုရှိသဖြင့် မူရင်းအတိုင်းဖော်ပြပါမည်။

(၁) ရေနွေးအကျိုးရှစ်ပါး

အနာရောဂါရှိသမျှကာလပတ်လုံး သလိပ်၊ သည်းခြေ၊ လေဟူသော ဒေါသသုံးပါးကိုငြိမ်းစေရန်၊ နိုင်၍ငြိမ်စေရန် ဘာဝပ္ပတာသဆေးကျမ်း၊ အာယုဗေဒဆေးကျမ်း၊ မာနုန္ဒြိဆေးကျမ်း စသော ရှေးဆေးကျမ်းအစောင်စောင်နှင့်တကွ ဝိနည်းပါဠိတော်ဝယ် မြတ်စွာဘုရားဟောကြားတော်ူသော အကျိုးရှစ်ပါးနှင့်ပြည့်စုံသည်ဟု ဟောတော်မူသည်နှင့်အညီ ရေနွေးကိုသာ သောက်စေရမည်ဟု မှတ်ယူရမည်။တဏှာယံ-ရေမွတ်သိပ်သောအခါ၌လည်းကောင်း၊ ဝါတကပဇွရေ-လေဖျား၊ သလိပ်ဖျား၌လည်းကောင်း၊ ဥဏှံသလိလံ-ရေနွေးကိုသောက်ရာ၏။ တက္တဖံ-ထိုသလိပ်ကို၊ ဝိလယံ-ကြေအောင်၊ နိတွာ-ဆောင်၍၊ တဏှာ-မကြာ
မကြာ ရေမွတ်သိပ်ခြင်းသည်၊ အာသုံ-လျင်စွာ၊ နိတတ္တတေ-
ဆုတ်နစ်ပျောက်ကင်းလေ၏။ဤစာအရ မကြာခဏရေငတ်ခြင်းမဖြစ်အောင် ရေနွေး(ရေနွေးကြမ်း)ကိုသာ သောက်သုံးရမည်ဖြစ်သည်။

(၂) ရေချက်နည်းဥပဒေသ

ရေနွေးဟူ၍ပင်ဆိုသော်လည်း မီးဖြင့် ရေကိုပူရုံ၊ နွေးရုံသာချက်သောရေသည် ဆေးဖြစ်သောရေနွေးမဟုတ်ပါ။ ရှစ်ခွက်တစ်ခွက်၊ လေးခွက်တစ်ခွက်၊ နှစ်ခွက်တစ်ခွက်တင်အောင် ချက်ပြီးသောရေသည်သာလျှင် ဆေးဖြစ်သောရေနွေးဖြစ်သည်ဟု မှတ်ယူထားရမည်။

(၃) အဆိပ်ဖြစ်သည့်ရေချက်ပုံ

ဤသို့ စီရင်ကျိုချက်သောရေနွေးသည် ဆေးဖြစ်သည်ဟုဆိုသော်လည်း ရေနွေးမှန်သမျှကို မမှတ်အပ်။ အချို့သောရေနွေးသည် ဆေးမဖြစ်သည့်အပြင် ဘေးဥပါဒ်ဖြစ်စေတတ်သော အဆိပ်ပင်ဖြစ်ပါသေးသည်ဟု အထူးသဖြင့် မှတ်ယူထားရမည်။ (ကျမ်း၏သဘောလေးနက်အောင် ပါဠိဖြင့်တွဲ၍ ဖော်ပြပါမည်။)

သရိတံ-ချက်ပြီးသော၊ သီတံ-အေးသော၊ ပုနောတ္တံ-တစ်ဖန်ပြန်၍နွှေးအပ်သော၊ တောယံ-ရေသည်၊ ဝီသသမံ-အဆိပ်နှင့်တူသည်၊ ဘဝေ-ဖြစ်၏။ နိယုဟောဝိ-အားထုတ်၍ မကျိုမချက်ရသော၊ သီတံ-ရေအေးသက်သက်သည်၊ ပုနောတ္တံ-ပူရုံ၊ နွေးရုံသာကျိုချက်မူကား၊ တထာ-ထို့အတူ၊ ဝိသောပမံ-အဆိပ်နှင့်ဥပမာတူ၏။ရှင်းလင်းအောင်ပြဆိုရလျှင် -

(၁) အေးသောရေနွေးကို ပူအောင်တစ်ဖန်ပြန်၍ နွှေးသောက်သော ရေနွေး၊

(၂) ဆူပွက်အောင် မကျိုချက်ဘဲ ပူရုံ၊ နွေးရုံသာ ကျိုချက်ထားသောရေနွေး၊

ဤနှစ်မျိုးသည် အဆိပ်နှင့်တူသောရေနွေးဖြစ်သည်ဟုဆိုသည်။

(၄)ဥတုအားလျော်စွာရေချက်ပုံ

ရေနွေးကို သုံးမျိုးသုံးစားပြဆိုထားရာ ဥတုအားလျော်စွာ ကျိုချက်သောက်သုံးလျှင် သာလွန်ကောင်းမွန်၏။ဥတုငယ်ခြောက်ပါးတို့တွင် ဝိမှန္တဥတု၊ သရဒဥတုတို့၌ ထက်ဝက်ဟူသော နှစ်ခွက်တစ်ခွက်၊ ဟေမန္တဥတု၊ သိသိရဥတုတို့၌ လေးခွက်တစ်ခွက်တင်၊ ဝသန္တဥတု၊ ဝဿာနဥတုတို့၌ ရှစ်ခွက်တစ်ခွက်တင်။

(နှစ်ခွက်တစ်ခွက်၊ လေးခွက်တစ်ခွက်တင်၊ ရှစ်ခွက်တစ်ခွက်တင်ဟူ၍ ရေနွေးကျိုပုံ သုံးမျိုးတွေ့ရသည်)

၎င်းရေနွေးသုံးမျိုးတို့မှာ-

နှစ်ခွက်တစ်ခွက်တင်ကျိုသောရေနွေးသည် လေကိုနိုင်သည်။ လေးခွက်တစ်ခွက်တင်ကျိုချက်သောရေနွေးသည် သလိပ်ကိုနိုင်သည်။ ရှစ်ခွက်တစ်ခွက်တင် ကျိုချက်သောရေနွေးသည် သည်းခြေကိုနိုင်သည်။

ထိုကဲ့သို့ သုံးပါးသောရေကျက်(ရေနွေး)တို့တွင် တစ်ပါးပါးဖြင့် ကျိုချက်၍ပြီးသဖြင့် အေးစေပြီးသော ရေကျက် အေးသည် ဒေါသသုံးပါးလုံးကိုပင်နိုင်သည်။

ရေကျက်အေးသည် အဆီသြဇာကား မရှိ။ သွေးလေ ရသာကြောတို့ကို ပေါ့ပါးလျင်မြန်စေတတ်သည်။ ကိုယ်လက်နွမ်းနယ်ခြင်း၊ ရေငတ်ခြင်း၊ အဖျားတို့ကိုနိုင်သည်။

သို့သော်လည်း နေ့၌ချက်အပ်သောရေကျက်အေးသည် နေ့၌သာသုံးခြင်း၊ ည၌ချက်အပ်သောရေကျက်အေးသည် ည၌သာသုံးခြင်းသည် အကောင်းဆုံးဖြစ်သည်။

ထို့ပြင် ဆေးအဖြစ်အသုံးပြုနေကြသော ဆင်တုံးမနွယ်၊ ကြစုသီး၊ စံကားပွင့်၊ ငုသီး၊ မုတ်၊ ကြံဟင်း၊ ဆောင်မေခါး၊ နှပ်ချို့၊ သက်ရင်း၊ မဟာဝါ၊ ငရုတ်ကောင်း၊ စပျစ်စေ့၊ ကနခို၊ ကျောက်သွေး၊ စရို၊ မြေပုံခရမ်း၊ မုရိုးခေါက်၊ ကန့်ချုပ်နီ၊ လက်ထုပ်သီးဆန်၊ ပဉ္စကာနီသီး၊ ဒဟပ်သကိုင်း၊ ဤ ၂၁ ပါးအရေအတွက်ရှိသော ဆေးမျိုးတို့၏ သဘောတရားများကို ဆင်ခြင်စဉ်းစား မှတ်သားရမည့်အပြင် အမြစ်၊ အသီး၊ အခေါက်၊ အရွက်၊ အပွင့်၊ အဆန် စသည်များကို အမှုန့်ပြု၍သုံးလျှင် အကျိုးပေးလေးသည်၊ နှေးသည်။ အရည်ကျို၍သုံးလျှင် လျင်သည်။ မြန်သည်။


(ဆေးကို ရေနွေးဖြင့်ကျိုချက်၍သောက် ခြင်းက အမှုန့်စားခြင်းထက် ပို၍ထိရောက်မှု လျင်မြန်သည်ဟုဆိုလိုသည်။)

ဤစတုသာရသင်္ခေပဆေးကျမ်းနှင့် ဆန္ဒသင်္ဂဟဘေသဇ္ဇဆေးကျမ်း နှစ်စောင်တွဲကို မိတ္ထီလာမြို့အနောက်ဘက် သုံးမိုင်မျှဝေးသော ကတ္တု ကန်ရွာဇာတိ ဆရာခင်(ခေါ်) ဆရာကြီး ဦးပဏ္ဍဝက ရေးသား၍ မြန်မာသက္ကရာဇ် ၁၃၁၇ ခုနှစ် (၁၉၅၅-၁၉၅၆) ခုနှစ်ခန့်က ထုတ်ဝေသည်။

ယောမြို့စား အတွင်းဝန် ဦးဖိုးလှိုင်၏ဥတုဘောဇနသင်္ဂဟကျမ်း၌ ရေတို့၏ဂုဏ် ကိုပြခြင်း ကဏ္ဍတွင် ဖော်ပြထားသည်မှာ-

ရေကျက်အေးဟူသည် နေ့၌ချက်သော ရေကို နေ့၌သာသောက်ကောင်းသည်။ ည၌ ချက်သောရေကို ည၌သာသောက် ကောင်းသည်။ နေ့၌ချက်သောရေကို ည၊ ည၌ချက်သော ရေကို  နေ့၊ ဤသို့ အေးအောင်ထား၍ သောက်လျှင် ထိုရေ၌ တေဇောဓာတ်ညံ့သောကြောင့် ကြေခဲ၏။ ဝမ်းမီးချက်၍ကျက်လျှင် ချဉ်၏၊ ဝမ်းချုပ်၏။ ဒေါသသုံးပါးလုံးကို ပျက်စေတတ်၏။ ရောဂါခပ်သိမ်းတို့၌ပင် မသင့်ချေ။ ရေကျက်အေး ကို တစ်ဖန် ရေနွေးလုပ်၍သောက်လျှင်
မသင့်၊ အဆိပ်နှင့်အတူဖြစ်၏ဟု အတိအလင်း သတိပေးဖော်ပြထားသည်ကို လေ့လာတွေ့ရှိရပေသည်။

အချုပ်အားဖြင့်
(၁) အေးသောရေနွေး သို့မဟုတ် ရေကျက်အေးကို တစ်ဖန်ပြန်၍ နွှေးသောက် ခြင်း၊

(၂) ဆူပွက်အောင်မကျိုဘဲ ပူရုံ၊ နွေးရုံသာ ကျိုချက်ထားသောရေနွေးကို သောက်
ခြင်း တို့သည် အစာအိမ်ကို အဆိပ် သင့်စေ၍ ဝမ်းမီးကို ပျက်စီးစေနိုင် ကြောင်း ဆေးကျမ်းများမှ ကောက်နုတ် တင်ပြလိုက်ရပါသည်။

Credit

No comments:

Post a Comment